နွားလဘို့သွား တောလား ၃

လမ်းကတော့ လုံးဝ မမြင်တော့ ။ အပင်တွေကြားထဲတိုးဝှေ့ သွားနေရသည်။ မြင်နေကျ အပင် သုံးခါမြောက် မြင်တော့မှ ကျွန်တော်တို့ သုံးယောက် တောင်ကို ပတ်ပြီး လျှောက်နေမိမှန်း ရိပ်မိလာခဲ့သည်။ ဘယ်နေရာ
မှာ ဖြတ်ဆင်းရမှန်းလဲ မသိကြတော့ ။ သူတို့တော့ ဘာတွေ တွေးနေမည်မသိတော့။ ကျွန်တော်ကတော့
တောပိုင် တောင်ပိုင် မြင်ရ မမြင်ရ သော သူများကို စိတ်ထဲတွင် တောင်းပန်နေမိတော့သည်။ ပါးစပ်ကတော့
ထုတ်ပြီး မဆိုရဲ ။ စိတ်ထဲ ဆိုရတာပင် မရဲ တရဲ ဖြစ်နေမိသည်။ လမ်းများ ပြန်တွေ့ပါတော့မလား ။ စိုးရိမ်စိတ်
ကလဲ ဖုံးဖိလို့ မရတော့ ။ အဖော်များလဲ သည်အတိုင်းပင် ။ မတိုင်ပင် ပါပဲနှင့် သုံးယောက်သား အပင်တစ်ခုအနား
ခြေစုံ ရပ်မိကြသည် ။ အမောလဲ ဖြေရင်း အကြံလဲ ထုတ်ကြရင်း ဆိုပါတော့ ။ စိတ်ထဲတွင်လဲ တောင်းပန်ရင်း ဆုတောင်းနေရင်းပေါ့လေ ။ ထိုနေရာလေးတွင် ရပ်နေစဉ် တစ်ဖက်တောင်ကြောမှ လူသံများ ကြားလာရသည်။
သုံးယောက်သား မျက်နှာများ ၀င်းထိန် လျှက် နှုတ်ဆိတ် တတ်သော ကုလားကြီးမှ အသံ စထွက်လာသည် ။
" ဝေးး ...... ဟေးးးးး..... ဝေးးးးး...... ဘုရားသွားဖူးကြမှာလားဗျို့......." တစ်ဖက်မှလဲ မဆိုင်းမတွ ပြန်အော်သည်။
" အေး.... ဟုတ်တယ် ....... ဘုရားသွားဖူးကြမှာ......." အသံများက ယောင်္ကျားလေး အသံကော မိန်းကလေး အသံပါ စုံလှသည်။ အဖွဲ့လိုက် ဘုရားဖူးလာကြဟန် တူသည် ။ " လမ်းပျောက်နေလို့ ဗျို့ ကျေးဇူးပဲ " ကုလားကြီး
က ကျေးဇူးတင်စကား လှမ်းဟြေဖို့ မမေ့ ။ အားလဲရှိသွားကြပြီ ။ အသံ ရှိရာသို့ မှန်းလျှက် တောင်အောက်ဘက်သို့ ဆင်းလိုက်ကြသည် ။ တွေ့ပါပြီ တောင်ယာတဲလေး ။ ကျွန်တော်တို့ နီးလျှက် ဝေးနေကြခြင်းပင် ။သစ်ပင်များ ကွယ်နေသောကြောင့် မတွေ့ရခြင်းပင် ။ ဆယ်မိနစ်ပင် မပြည့် တောင်ယာတဲနားသို့ ရောက်သွား၏။ လမ်းကလဲ ပြန်ပေါ်လာသည် ။ လမ်းခွဲလေး သို့ ပြန်အရောက် ညာဘက် ရွံ့ များ ဗွက်များ ထနေသော လမ်းလေးကို ပြန်ရွေးချယ်လိုက်သည် ။ သိပ်မလျှောက်ရသေးခင် လမ်းခုလတ် ဈေးဆိုင်လေး တစ်ခု တွေ့လေသည် ။ နာရီကြည့်လိုက်တော့ ဆယ့်တစ်ခွဲကို နည်းနည်းပင် စွန်းနေပြီ။ ဆိုင်လေးထဲ လှမ်းဝင်ရင်း ပက်လက်ကုလားထိုင် ဖြင့် ထိုင်နေသော အဘိုးအို အား " အဘရေ မုန့်တွေပဲလား
ထမင်းကော ရနိုင်မလား အဘ ဦးဇင်းလေး ဆွမ်းမမှီ မှာ စိုးလို့ အဘရေ " " ထမင်းကတော့ ရှိတယ်ဝေ့....ဟင်းကတော့ အကြော်ထုတ်တွေ ဖြုတ်ပြီး ကပ်လိုက်ကြပေါ..."

0 comments: