မာန်

အိတ်ကပ်က ဗလာ
စိတ်ပျက်စရာနဲ့  ကြုံရင်
ချည်တိုင်ကိုတော့ လွမ်းမိသား....
ဘ၀က ဆိုးတယ်လို့  အော်တိုင်း
ဆပ်ပြာသည် လင်ပျောက်နေတဲ့
ဌာနေက တစ်ရာ့ကိုးတစ်ဆယ်တွေက
ကြောင်တစ်ကောင်လို ကြည့်နေတတ်တယ်.....
ငါ့သမိုင်း ငါမစီရင်ပါဘူး
ကျပ်တည်းတဲ့ ခေတ်ဆိုးက
ငါ့ စာမျက်နှာတွေကို
ခပ်ကြမ်းကြမ်း ရေးခြစ်နေတာပါ.....
တစ်ရက်ပြီး တစ်ရက်
ခံစားရတဲ့ မွန်းကြပ်မှု့ က
တစ်ပန်းကန်ပြီး တစ်ပန်းကန် ထပ်လာပေမယ့်
ခြောက်လှန့် နေတဲ့  လိုအပ်ချက်တွေက
အဆက်မပြတ် စက်သေနတ် ပစ်နေသလို......
ယောင်ယမ်းပြီး
အနာဂတ်ကို ဖမ်းဆုပ်လိုက်တိုင်း
သွေးပျက် တုန်လှုပ်ရတဲ့ ငါ
ထမင်းကြမ်း ယပ်ခပ်ပြီး
ဘယ်သူ့  အခွန် ဆောင်ရ ဆောင်ရ
ချိုတုန်းတုန်းနဲ့  လူလုပ်တတ်ဖို့ 
ကြိုးစား သင်ယူနေတယ်လေ.....
အားမပြတ်ပါဘူး(ပြတ်စရာ အားမှမရှိတော့)
နောက်မဆုတ်ပါဘူး(ခြေအစုံ ကျိုးကြေလို့ )
ဘုရားဟောတဲ့ တရား
လက်ထဲမှာ ထားလို့ 
အသေလှဖို့  နေရဦးမှာပေါ့......။

နေတတ်ကျေနပ်ချင်ပါတယ်

ကြယ်စုံတဲ့ ည
ကြယ်တွေ ကတဲ့ဘဝ
နေတတ်တော့လည်း ကျေနပ်စရာ.....။
ခပ်ပြစ်ပြစ် ပဲဟင်းတစ်ခွက်
ခပ်ပေါ့ပေါ့လေး သောက်ပြီး
နေတတ်တော့လည်း ကျေနပ်စရာ.....။
စာလေးတွေ ရေးပို့ 
ရေးပို့ တဲ့ စာတွေဖတ်
နေတတ်တော့လည်း ကျေနပ်စရာ.....။
မနေ့ ကို မလွမ်း
မနက်ဖြန်ကို မတွေး
နေတတ်တော့လည်း ကျေနပ်စရာ.....။
အမှတ်တမဲ့
ယောင်ယမ်းပြီး
အိတ်ကပ်ဖွင့်ကြည့်
နတ္ထိ
မကျေနပ်တော့ အနေခက်စရာ.......။